“ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖွံ့ဖြိုးချင်တဲ့ လုပ်ငန်းခွင်ဝင်နေသူတွေ လိုက်နာသင့်တဲ့ အချက်(၁၀)ချက်”
၁၊၊ ကိုယ်ဘယ်နေရာမှာတော်လဲဆိုတာကို မကြာခဏ ဆန်းစစ်ကြည့်ပါ။လမ်းကြောင်းပေါ်ရှိမရှိကို သုံးသပ်ပါ။
၂၊၊ ကိုယ်ယုံကြည်ရာအတွက်ပဲ အလုပ်လုပ်ပါ။
၃၊၊ အလုပ်အတွက် ကောင်းဖို့အလုပ်လုပ်ပါ။ အထက်လူကြီးခိုင်းလို့ မလုပ်ပါနဲ့။
၄၊၊ သက်သာတဲ့အလုပ်ကို မမျှော်လင့်ပါနဲ့။
၅၊၊ ကိုယ့်ကိုကိုယ် အကဲဖြတ်ပါ။ တန်ရာတန်ကြေးမပြန်ပေးနိုင်ရင် ရှက်စရာကောင်းတယ်ဆိုတဲ့စိတ်ထားပါ။
၆၊၊ ကိုယ်နဲ့ထိုက်တန်တဲ့ တောင်းဆိုမှုအတွက် အားမနာပါနဲ့ ဒါပေမယ့် အလွဲသုံးစားတာမျိုးကိုတော့ ရှောင်ပါ။
ရ၊၊ ကိုယ်ဘာပေးမလဲဆိုတာ မစဉ်းစားပါနဲ့။ သူတို့ဘာလိုချင်လဲဆိုတာ စဉ်းစားပါ။
၈၊၊ ဆက်လက်သင်ယူဖို့အတွက် စိတ်အားထက်သန်ပါ။
၉၊၊ အားလုံး ကျေနပ်ဖို့ မမျှော်လင့်ပါနဲ့။
၁၀၊၊ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်သွားရင် တစ်ခုခုတော့ တွန်းအားပေးဖို့လိုနေပြီဆိုတာ သတိရပါ။
၁၊၊ ကိုယ်ဘယ်နေရာမှာ တော်လဲဆိုတာကို ခဏလောက်အချိန်ပေး ဆန်းစစ်ကြည့်ပါ။ လူတိုင်း လူတိုင်းမှာ သူတို့တကယ်တော်တဲ့နေရာတွေရှိကြတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတာလား၊ စီမံခန့်ခွဲမှုတော်တာလား၊ ဂဏန်းတွေနဲ့ အဆင်ပြေတာလား၊ ဖန်တီးနိုင်စွမ်းအားကောင်းတာလား။ တချို့တွေဟာ အလုပ်လုပ်ဖို့ အရမ်း စိတ်အားထက်သန်တယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ဘယ်နေရာမှာ အံဝင်ခွင်ကျဖြစ်မလဲဆိုတာကို စဉ်းစားဖို့အတွက်၊ သူများတွေထက်ဘယ်နေရာမှာ ပိုသာလဲဆိုတာကို သုံးသပ်ဖို့အတွက်တော့ အချိန်သိပ်မပေးဘူး။ သေချာတာတစ်ခုကတော့ လူတစ်ယောက်ဟာ နေရာတိုင်းမှာ မထူးချွန်နေနိုင်ဘူး။ အဲဒီအတွက် ကိုယ်ဘာကိုအာရုံစိုက်သင့်လဲဆိုတာကို ရှင်းရှင်းလင်းလင်းသိသင့်တယ်။ အဲလိုသိအောင်အတွက် အချိန်ခဏလောက်ဖြစ်ဖြစ်ပေးပြီး ဆန်းစစ်ကြည့်သင့်တယ်။ ပြီးတော့ အလုပ်လျှောက်တဲ့အခါမှာလည်း ငှက်အုပ်ထဲ ခဲတစ်ဆုပ်ပစ်သွင်းပြီး ဘယ်ငှက်ထိထိဆိုတာမျိုးလုပ်ဖို့ထက် ကိုယ်ကျွမ်းကျင်ပိုင်နိုင်တာ၊ ကိုယ်လိုချင်တာ၊ ကိုယ်ယုံကြည်တာနဲ့ ကိုက်ညီနိုင်မယ့်အရာမျိုးကို ရွေးချယ်ပြီး အသေအချာပြင်ဆင်ကာ စနိုက်ပါနဲ့ပစ်ဖို့ကို စိတ်အားထက်သန်စေချင်တယ်။
၂၊၊ ကိုယ်ယုံကြည်တဲ့အရာအတွက်ပဲ အလုပ်လုပ်ပါ။ တကယ်လို့ ကိုယ်ဟာ ကိုယ် လုပ်နေတဲ့အလုပ်အပေါ် မလေးစားဘူး၊ မယုံကြည်ဘူးဆိုရင် အလုပ်ပြောင်းဖိုု့စဉ်းစားပါ။ ကိုယ်မယုံကြည်တဲ့အရာတစ်ခုအတွက် မနက်ခင်းတိုင်း ပင်ပင်ပန်းပန်းနိုးထရတာ အဓိပ္ပါယ်မဲ့ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ဟာ ကိုယ့်ကိုမနက်ခင်းတိုင်း နိုးထစေဖို့အတွက် တွန်းအားပဲဖြစ်သင့်တယ်။ ကျွန်တော်ဟာ အခြေခံအားဖြင့် လူကြောက်တတ်တဲ့သူတစ်ယောက် (introvert) ပါ။ ပါတီပွဲတွေ၊ လူထူထပ်တဲ့နေရာတွေကိုရှောင်တတ်ပြီး သူငယ်ချင်းအသစ်ရဖို့လည်း သိပ်ခက်ပါတယ်။ အတူတူအလုပ်လုပ်နေပေမယ့်လည်း နှုတ်ဆက်ဖို့တောင် ခဲယဉ်းပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်နေတဲ့အလုပ်တစ်ခုနဲ့ပတ်သက်လို့ ပြောဆိုရမယ် ရှင်းရမယ်ဆိုရင်တော့ ဘယ်ကနေဘယ်လိုစကားတွေ ထွက်လာလဲမသိရအောင်ကို စိတ်ပါလက်ပါ ရေပက်မဝင်ပြောနိုင်တယ်။ ယုံကြည်တဲ့အရာတစ်ခုကို သီအိုရီအရ စိန်ခေါ်လာတာမျိုးကိုလည်း အရမ်းသဘောကျတယ်။ ကိုယ်ခိုင်ခိုင်မာမာမယုံကြည်တဲ့ အစီအစဉ်တစ်ခု၊ အလုပ်တစ်ခုဆိုရင် သံသယရှင်းတဲ့အထိ လေ့လာပြီး ယုံကြည်နိုင်ဖို့ ကြိုးစားကြည့်တယ်။ အဲဒါကိုမှ အောင်မြင်နိုင်မယ်မယုံကြည်ဘူးဆိုရင်တော့ ဆက်မလုပ်တော့ဘူး။ ပြောချင်တာက ကိုယ်ယုံကြည်နိုင်မယ့် သံသယရှင်းတဲ့အရာတစ်ခုအတွက်ပဲ အစွမ်းကုန်အားထုတ်ပါ။ ကိုယ်ကိုယ်တိုင်မယုံကြည်နိုင်ဘဲနဲ့ သူများခိုင်းလို့ လုပ်ရတာက သိပ်ပျင်းဖို့ကောင်းတယ်။ အလုပ်လည်းမဖြစ်ဘူး။
၃၊၊ အလုပ်အတွက်ကောင်းဖို့ အလုပ်လုပ်ပါ။ အထက်လူကြီးကြိုက်ဖို့ အလုပ်မလုပ်ပါနဲ့။ မကွာဘူးလို့ထင်ရပေမယ့် ကွာပါတယ်။ တစ်ခါတလေမှာ ကိုယ်မြင်တဲ့အရာတစ်ခုကို အထက်လူကြီးက မမြင်တာဖြစ်နိုင်တာပဲ။ လူဆိုတာ အရမ်းပြီးပြည့်စုံနေတယ်ဆိုတာရှိနိုင်တာမှမဟုတ်တာ။ ဟုတ်ကဲ့လို့ ပြောရတာအလွယ်ဆုံးပဲ။ ကိုယ်မြင်တဲ့အမြင်နဲ့ မှားယွင်းနေတဲ့ အကြောင်းအရာတစ်ခုအပေါ် အထက်လူကြီး ငြိုငြင်သွားမလားဆိုတာကိုမေ့ထားပြီး တိုက်ခိုက်နိုင်ဖို့ကသာခက်တာ။ တကယ်လို့ ကိုယ့်အထက်လူကြီးဟာ ကိုယ့်ထင်မြင်ယူဆချက်တွေ ထောက်ပြချက်တွေအပေါ် လက်သင့်မခံနိုင်ဘဲ စိတ်ဆိုးမာန်ဆိုးဖြစ်ရလောက်အောင် ကျဉ်းမြောင်းတဲ့စိတ်ထားရှိနေတယ်ဆိုရင်တော့ အဲဒီအလုပ်ကနေ ပျော်ပျော်ကြီးသာစွန့်ခွာပါ။ အဲလိုနေရာမှာ ကိုယ့်အတွက် တက်လမ်းဆိုတာမရှိလောက်ဘူး။
၄၊၊ သက်သာတဲ့အလုပ်ကို မမျှော်လင့်ပါနဲ့။ သိပ်သက်သာတဲ့အလုပ်ဆိုတာ ချောင်ထဲက အလုပ်တွေပါ။ တကယ်လို့ ကိုယ်ဟာ အမြင့်ဆုံးထိတက်ချင်တဲ့လူဆိုရင်တော့ သက်သာတဲ့အလုပ်တွေကိုရှောင်ပါ။ ငါအလုပ်လုပ်ရတာ သိပ်သက်သာတာပဲလို့ ကျေနပ်နေမယ်ဆိုရင် တဖြည်းဖြည်း ငါချောင်ထဲရောက်လာမှာကိုလည်း တွေးကြည့်ပါ။ မဏ္ဍပ်တိုင်တက်ပြခိုင်းတာမျိုးမဟုတ်ပါဘူး။ ကိုယ်ဟာ ကိုယ့်အလုပ်ရဲ့ အလုပ်လုပ်တဲ့ စက်သွားတစ်ခုဖြစ်စေချင်တာပါ။ သက်သာတဲ့အလုပ်ဆိုတာ ကိုယ့်လုပ်ရည်ကိုင်ရည်ကိုပါ အညွန့်တုံးသွားစေတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ သက်သာတဲ့နေရာဟာ မတိုးတက်နိုင်တဲ့နေရာပါပဲ။ “comfort zone is a beautiful place, but nothing ever grows there”.
၅၊၊ ကိုယ့်ကိုကိုယ် အကဲဖြတ်ပါ။ တန်ရာတန်ကြေးမပြန်ပေးနိုင်ရင် ရှက်စရာကောင်းတယ်ဆိုတဲ့စိတ်ထားပါ။ တစ်နေ့တာရဲ့ အလုပ်ချိန်ပြီးတဲ့အခါ ကျွန်တော်ပြန်တွေးမိတဲ့အရာတစ်ခုက ငါ့ကိုပေးထားတဲ့လစာနဲ့တန်အောင် ငါဒီနေ့အလုပ်လုပ်ပေးရဲ့လားဆိုတာပါ။ အလုပ်ထဲမှာ ကိုယ်အချိန်ဖြုန်းချင်လည်းရတယ်။ အလုပ်လုပ်ချင်ယောင်ဆောင်နေလို့လည်းရတယ်။ ဘယ်သူမှ မသိပေမယ့် ကိုယ့်ကိုကိုယ်တော့ သိနေတာပဲလေ။ ကိုယ့်ဘက်က တန်ရာတန်ကြေးပြန်မပေးနိုင်ရင် ရှက်ဖို့ကောင်းတယ်လို့ ကျွန်တော်က ယုံကြည်တယ်။
၆၊၊ ကိုယ်နဲ့ထိုက်တန်တဲ့ တောင်းဆိုမှုအတွက် အားမနာပါနဲ့ ဒါပေမယ့် အလွဲသုံးစားတာမျိုးကိုတော့ ရှောင်ပါ။ တကယ်လို့ ကိုယ်ရနေတဲ့ ခံစားခွင့်တွေဟာ လုပ်နေရတာထက် နိမ့်ကျနေတယ်ဆိုရင်တော့ ရသင့်ရထိုက်တာကိုတောင်းဆိုဖို့အတွက် အားနာမနေတတ်ဘူး။ ကိုယ်လိုချင်တာ ကိုယ်တောင်းဆိုတာပဲ။ ဒါပေမယ့် ကို်ယ်ထိုက်သင့်သလောက်မရလို့ဆိုပြီး အလုပ်နဲ့ပတ်သက်တဲ့အရာတွေမှာ အလွဲသုံးစားလုပ်တာကတော့ ဘယ်သူ့အတွက်မှ မကောင်းနိုင်ဘူး။ အလွဲသုံးစားလုပ်တဲ့အထဲမှာ အချိန်အလွဲသုံးစားမှုလည်း ပါပါတယ်။
ရ၊၊ ကိုယ်ဘာပေးမလဲဆိုတာ မစဉ်းစားပါနဲ့။ သူတို့ဘာလိုချင်လဲဆိုတာ စဉ်းစားပါ။ ဒါကတော့ ကိုယ့်အလုပ်ပိုဖြစ်ထွန်းဖို့အတွက် အကြံပေးတာပါ။ လူတော်တော်များများက ကိုယ်ဘာပေးနိုင်မလဲ၊ ဘာလုပ်ချင်တာလဲဆိုတာကို အာရုံစိုက်တယ်။ ဒါပေမယ့် တကယ်တမ်းမှာလိုအပ်တာက ကိုယ် target ထားတဲ့သူတွေ ဘာလိုအပ်လဲဆိုတာပါ။ ကိုယ်လုပ်ပေးနိုင်တာကိုပေးမယ်ဆိုရင် သူတို့လိုအပ်တာနဲ့ မကိုက်ညီတဲ့အခါအလုပ်မဖြစ်ဘူး။ ကျွန်တော်အလုပ်လုပ်တဲ့အခါ ကျွန်တော်သာ customer ဆိုရင် ဘာလိုချင်မလဲဆိုတာကိုတွေးပြီး လုပ်ပါတယ်။ အဲဒီအတွက် လိုချင်တာနဲ့ပေးတာကြား ကွာဟချက်နည်းတယ်။
၈၊၊ ဆက်လက်သင်ယူဖို့အတွက် စိတ်အားထက်သန်ပါ။ အလုပ်ရရင် ဆက်လက်သင်ယူမလားဆိုတာက ကိုယ့်ရွေးချယ်မှုပါ။ ဘာသာရပ်တစ်ခုအပေါ် အလုံးစုံကျွမ်းကျင်နေတဲ့သူဆိုတာမရှိနိုင်ဘူး။ ကိုယ်မကျွမ်းကျင်ဘူး မသိနိုင်ဘူးဆိုရင် သိလာအောင် နားလည်လာအောင် လုပ်ရုံပါပဲ။ မသိဘူး မလုပ်တတ်ဘူးဆိုတာက အရမ်းလွယ်တယ်လေ။ မသိဘူး မလုပ်တတ်ဘူးဆိုရင် သိတယ် လုပ်တတ်တယ်ဆိုတဲ့လူကို တာဝန်ပြောင်းခိုင်းလိုက်မှာပဲ။
၉၊၊ အားလုံး ကျေနပ်ဖို့ မမျှော်လင့်ပါနဲ့။ ကျွန်တော်အလုပ်စလုပ်တုန်းကပုံစံက လူတိုင်းနဲ့ အဆင်ပြေဖို့ ကြိုးစားတာပဲ။ နောက်ပိုင်းမှာ သိလာတာက ကိုယ်အပြောင်းအလဲတစ်ခုလုပ်မယ်ဆိုရင် အားလုံးကျေနပ်ဖို့ မျှော်လင့်နေလို့ မရဘူးဆိုတာပါ။ ကိုယ့်ကို မကျေနပ်တဲ့သူတွေရှိလာတာ ကိုယ်လုပ်နေတဲ့အပြောင်းအလဲ အသက်ဝင်လာပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အလုပ်မလုပ်တဲ့သူကို ဘယ်သူမှ မမုန်းဘူး။ သူများကိုယ့်အပေါ်ဘယ်လိုမြင်မလဲဆိုတာကို မေ့ထားလိုက်ပါ။ အဲဒါ ကိုယ့်အလုပ်မဟုတ်ဘူးလေ။
၁၀၊၊ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်သွားရင် တစ်ခုခုတော့ တွန်းအားပေးဖို့လိုနေပြီဆိုတာ သတိရပါ။ ကျွန်တော်အရင်က ပို့စ်တစ်ခုရေးဖူးတယ်။ အလုပ်ဝင်တဲ့အခါ ဖြစ်တတ်တဲ့အဆင့်တွေပါ။ ပထမဆုံးက အရမ်းတက်ကြွနေမယ်၊ အိုင်ဒီယာအသစ်တွေနဲ့ စိတ်အားထက်သန်နေမယ်။ အချိန်ခဏလောက်ကြာတဲ့အခါ organization culture shock ရသွားမယ်။ အတိုက်အခံတွေနဲ့ကြုံတွေ့ပြီး အရင်ကရှိခဲ့ဖူးတဲ့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားမယ်။ နောက်ဆုံး မနက်ဆိုရုံးလာ လုပ်စရာရှိတာလေးတွေလုပ် ညနေရုံးပြန်၊ မျှော်မှန်းချက်မရှိ၊ ဦးတည်ချက်မရှိ အလုပ်လာပြီးရင် အလုပ်ပြန်ဖို့အတွက် နာရီကြည့်နေရတဲ့ သူတစ်ယောက်ဖြစ်သွားမယ်။ ကိုယ်အလုပ်သစ်တစ်ခုကို ၀င်တယ်ဆိုတာ အဲဒီအလုပ်လက်ရှိလုပ်နေတာတွေကို တွန်းအားဖြစ်ဖို့ ပိုကောင်းတဲ့အပြောင်းအလဲဖြစ်ဖို့ဏဆိုတာကို သတိရပါ။ ကိုယ်ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားပါ။ ကိုယ့်ကိုခန့်လိုက်တာက ဒီအလုပ်အတွက် ဘာအပြောင်းအလဲမှ ဖြစ်လာနိုင်ဖို့ မရှိဘူးဆိုရင် ကိုယ့်ကိုမလိုအပ်တော့ဘူးလေ။
#Credit Thurein HlaingWin