Covid-19

Copy Post

Scientistတစ်ယောက်အနေနဲ့၊ Immunologistတစ်ယောက်အနေနဲ့၊ ပြီးတော့ medically trainedလုပ်ခဲ့သူတစ်ယောက်အနေနဲ့ ….. ကျွန်တော်အသိ၊ အမြင်ကို အခြေခံပြီး အခုဖြစ်နေတဲ့ COVID-19နဲ့ ပတ်သက်တဲ့ အများပြည်သူ သိသင့်သိထိုက်တဲ့ အကြောင်းအချို့ကို ရေးလိုက်ပါတယ်။

(၁) Incubation period ( ပိုးပေါက်ဖွားချိန်) – ဒီဗိုင်းရပ်ပိုး ကိုယ်ထဲ ဝင်လာပြီး ရောဂါလက္ခဏာပြဖို့ ကြာချိန်က ၂ရက်ကနေ ၁၄ရက် ကြာပါတယ်။ အကြမ်းဖျင်း ပြောရရင် ပိုးနည်းနည်း (တစ်ကျပ်သားလောက်) ကိုယ်ထဲ ဝင်လာရင် နှာစေးချောင်းဆိုး လက္ခဏာပြဖို့ ၁၄ရက်ကြာမယ်၊ သို့သော်လည်း ပိုးများများ (တစ်ပိသာလောက်) ကိုယ်ထဲ ဝင်လာရင် ၂ရက်လောက်နဲ့ နှာစေးချောင်းဆိုး ဖြစ်လာနိုင်တယ်။ အဲဒီသဘောကို နားလည်ရင် ဘာဖြစ်လို့ ၁၄ရက် quarantine ဆိုတဲ့ အိမ်မှာ နှစ်ပါတ်နေခိုင်းတာ အရေးကြီးကြောင်း သိမှာပါ။

(၂) Immune responses to virus (ကိုယ်ခံအားတုန့်ပြန်မှု) – ဗိုင်းရပ်ဝင်လာတာနဲ့ သဘာဝကိုယ်ခံအားလို့ ပြောလို့ရတဲ့ low-affinity natural IgM antibody က အရင်ဆုံး တိုက်ခိုက်မယ်။ မျက်စိထဲ မြင်အောင် ပြောရရင် “ပြည်သူ့စစ်” သို့မဟုတ် “unprofessional response” ပေါ့။ သဘာဝကိုယ်ခံအားက ကောင်းတယ်၊ ဝင်လာတဲ့ဗိုင်းရပ်ကလည်း နည်းတယ်ဆိုရင် ဝင်ဝင်ချင်း ကျွန်တော်တို့ခန္ဓာကိုယ်က နိုင်သွားတယ် ပြောလို့ ရပါတယ်။ ဒါပေမယ့် သိထားဖို့က ဒါဟာ COVID-19 ရောဂါပီးချင်မှ ပီးမယ်။ ဗိုင်းရပ် နောက်တစ်ကြိမ် ပြန်လာနိုင်တယ်။

ကိုယ်ခံအားက ကောင်းသော်ငြားလည်း ဗိုင်းရပ်က များနေခဲ့ရင် (သို့မဟုတ်) ဗိုင်းရပ်က နည်းသော်ငြားလည်း ကိုယ်ခံအားက မကောင်းခဲ့ရင် … ဗိုင်းရပ်က ပြည်သူ့စစ်ကို ကျော်ပြီး ကျွန်တော်တို့ရဲ့ဆဲလ်တွေထဲကို … COVID-19 မှာဆိုရင် အဆုတ်/လေပြွန်ကဆဲလ်တွေထဲကို ဝင်သွားမယ်။ မျက်စိထဲ မြင်အောင် ပြောရရင် သောင်းကျန်းသူတွေ ရွာထဲ ဝင်ခိုနေတယ်လို့ စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့ရဲ့ immune system က ဆဲလ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ သိနိုင်စွမ်း မရှိပါဘူး။ ဒါကို အခွင့်ကောင်း ယူပြီး ဆဲလ်ထဲရောက်ရောက်ချင်း ဗိုင်းရပ်က ကျွန်တော်တို့ရဲ့ ဆဲလ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေကို သုံးပြီး ဗိုင်းရပ်အသစ်တွေ ထုတ်တော့တာပါဘဲ။ ဆဲလ်တစ်ခုလုံးလဲ ဗိုင်းရပ်တွေ ပြည့်လျှံနေပြီး၊ ဆဲလ်မျက်နှာပြင်ပေါ်မှာလဲ ဗိုင်းရပ်တွေ ပေါ်လာမယ်၊ ပြီးတော့ ဆဲလ်ထဲကနေ ဖေါက်ထွက်ပြီးတော့လည်း ဗိုင်းရပ်တွေ ဆဲအပြင်ကို ရောက်လာတယ်။

အဲဒီတော့မှ ကျွန်တော်တို့ရဲ့ immune system က ဒီဗိုင်းရပ်ရှိတယ်ဆိုတာ သိလာပြီး၊ သူ့စစ်သားတွေ (immune cells) တွေကို လေ့ကျင့်ပေးတယ်။ လေ့ကျင့်တာက တစ်ပါတ်ကနေ နှစ်ပါတ် ကြာတယ်။ အဲဒီလို ရလာတဲ့ immune response ကို “professional response” လို့ ခေါ်ပါတယ်။ ဒီ response က ပိုပြီး တိုက်ခိုက်နိုင်တယ်၊ တစ်သက်လုံးအတွက်လည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်၊ သဘာဝနည်းနဲ့ ကာကွယ်ဆေးထိုးသလို ဖြစ်သွားတယ်။ ရောဂါပီးတယ်လို့ ခေါ်ပါတယ်။

(၃) လူတိုင်း ဖြစ်မှာလား။ အတိုဆုံး ဖြေရရင်…. လူတိုင်း ဖြစ်ဖို့ များတယ်။ အသက်အန္တရာယ် ရှိလား မေးရင် …. လိုရင်းတိုရှင်းက “ရှိနိုင်တယ်၊ ဒါပေမယ့် အရမ်းကို နည်းပါတယ်” (ပုံတစ်ကို ကြည့်ပါ)။ လေယဉ်နဲ့ ၇နာရီ- ၁၂နာရီလောက် ခရီးအတူတူစီးလာတဲ့ ခရီးသည် ၃၀၀ -၄၀၀ လောက်အထဲက ရောဂါရှိသူ တစ်ယောက်ပါခဲ့ရင် ခရီးသည်အားလုံးကို မကူးပါဘူး။ တစ်ယောက် – နှစ်ယောက် လောက်ဘဲ ကူးစက်ခံရပြီး ရောဂါလက္ခဏာ ပြပါမယ်။ ဒီတော့ နံပါတ်(၂)ကို ပြန်ဖတ်ပါ၊ တော်တော်များများအတွက်ကတော့ (က) ဗိုင်းရပ် နည်းနည်းလောက် ဝင်ဝင်ချင်း သဘာဝကိုယ်ခံအားက နိုင်သွားမယ် ဒါမှမဟုတ် (ခ) ဗိုင်းရပ်ဝင်လာမယ်၊ သဘာဝကိုယ်ခံအားကို ကျော်ပြီး ဆဲလ်ထဲ ရောက်သွားမယ်၊ ဆဲလ်ထဲမှာ ဗိုင်းရပ်ပွားမယ်၊ ဆဲလ်ထဲက ဗိုင်းရပ်ထွက်လာတော့ immune system က အရမ်းကိုကောင်းတဲ့ immune response ကို ရသွားပြီး အဲဒီလူအတွက် တစ်သက်တာ ရောဂါပီးသွားနိုင်ပါတယ်။ နောက်တစ်ခါ ဒီဗိုင်းရပ် ဝင်လာရင် စိုးရိမ်စရာ မရှိတော့ပါဘူး။

ဒီတော့ ဘယ်လိုလိုမျိုးလူတွေ ရောဂါပိုဖြစ်နိုင်သလဲလို့ ဖြေရရင်…

(တစ်) – ကိုယ်ခံအား မကောင်းတဲ့သူတွေ … ဥပမာ လူကြီးတွေ (immune system ဆိုတာ အသက်ကြီးလာရင် အရင် ဖြစ်ဖူးပြီးသား ပိုးတွေအတွက်ကတော့ အသင့်ဖြစ်ပေမယ့်၊ နောက်ရောဂါပိုးအသစ်ကို အရင်လို မတိုက်ခိုက်နိုင်တော့ဘူး)၊

(နှစ်) – တခြားရောဂါအခံရှိသူတွေ (လက်ရှိဖြစ်နေတဲ့ ရောဂါကြောင့်ရော၊ ရောဂါအတွက် သောက်နေတဲ့ ဆေးတွေကြောင့်ရော ဖြစ်နိုင်တယ်)၊

(သုံး) – ရောဂါပိုးကို နည်းနည်းရတာ မဟုတ်ဘဲ အများကြီး ရလိုက်တဲ့သူတွေ … ကျွန်တော် အရင်ကတည်းက တောက်လျှောက် ပြောနေပါတယ်။ “dose effect”လို့ ခေါ်ပါတယ်။ နံပါတ် (၁) ကို ပြန်ဖတ်ပါ၊ တစ်ကျပ်သားလောက်ရှိတဲ့ပိုး ရတာ မဟုတ်ဘဲ တစ်ပိသာလောက်ပိုးကို ရခဲ့ရင် ကြီးကြီး ငယ်ငယ် ဘယ်သူမှ တော်ရုံခံနိုင်မှာ မဟုတ်ဘူး (ပုံနှစ်ကို ကြည့်ပါ)။ unprofessional response ဆိုတဲ့ သဘာဝ ကိုယ်ခံအားကလည်း မနိုင်နိုင်ဘူး။ professional response ဆိုတဲ့ အရမ်းကောင်းတဲ့ ကိုယ်ခံအားကလည်း အနည်းဆုံး နှစ်ပါတ်ကြာမှ စနိုင်တယ်၊ စစချင်းလည်း ဗိုင်းရပ်တွေက အများကြီး ဖြစ်နေပြီမို့ ခဲခဲယဉ်းယဉ်း တိုက်ရမယ်။ ဒါကြောင့် လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ရောဂါကြောင့် တိုက်ပွဲမှာ အသက်ဆုံးရှုံးနိုင်တယ်။

(၄) ဗိုင်းရပ် ဘယ်လောက် အပြင်မှာ နေနိုင်လဲ… ပုံမှန်က ၄-၆ နာရီဘဲ နေနိုင်တယ်။ ဒီမှာ ရိုးရိုးလေး စဉ်းစားပါ၊ ဗိုင်းရပ်ပိုးက မီးပူပေါ်ကျသွားရင် ချက်ချင်း သေသွားမှာဖြစ်သလို စိုစိုစွတ်စွတ် ခတ်အေးအေး နေရာမှာဆိုရင် တစ်ရက်၊ နှစ်ရက်၊ သုံးရက်ထိ သူ့အစွမ်း ရှိသေးတယ်။ ဒီတော့ စိတ်ထဲ မသင်္ကာရင် ဗိုင်းရပ် ရှိမယ်လို့ ထင်တဲ့နေရာကို ဆပ်ပြာနဲ့ ပွတ်ပါ၊ ဆေးပါ။ ဘယ် detergentsမဆို သုံးလို့ ရတယ်။ ဈေးကြီးတာ၊ ဆိုင်မှာ ဝယ်မရတာ လိုက်ရှာ မနေပါနဲ့။ အိမ်မှာ သုံးတဲ့ ဆပ်ပြာလဲ ရပါတယ်။

(၅) ဗိုင်းရပ် ဘယ်လို ကူးလဲ… ဗိုင်းရပ်က ရောဂါရှိသူဆီက ထွက်လာတယ်။ တချို့လူတွေဆိုရင် အူထဲမှာ ရှိနေနိုင်သော်လည်း သူက အဆုတ်ထဲမှာ အဓိက နေတာမို့ အဆုတ်နဲ့ဆိုင်တဲ့အထွက်တွေက ပိုး ရှိမယ်။ နှာချေတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာတွေက လာနိုင်တယ်။ အသက်ရှူတာက မလာနိုင်တာမို့ air borne လို့ ခေါ်တဲ့ လေကတဆင့် ကူးတာ မဖြစ်နိုင်ဘူး။ သို့သော်လည်း လေအေးစက်ထဲမှာဆိုရင်၊ air flow ရှိမယ်ဆိုရင် လေထဲမှာ ပိုးက လွင့်ပါးနိုင်တယ်။ ဒီတော့ လေတိုက်တဲ့နေရာမှာ နေရင် လေတင်/လေညာအရပ်က နေရင် ကောင်းတယ်။

(၆) ကာကွယ်ဆေး/ကုသဆေး ရှိလား… ကျွန်တော် အရင်ကတည်းက ပြောဖူးတယ်။ ကာကွယ်ဆေး မျှော်မနေနဲ့။ အနည်းဆုံး ၁၀လ – ၁၂လ ကြာမယ်။ မမျှော်လင့်သင့်ပါ။ ကုသဆေးအနေနဲ့ ပြောရရင် အဓိက anti-viral ဆေးနှစ်မျိုး ရှိပါတယ်။ (က) ဗိုင်းရပ် ဆဲလ်ထဲကို ဝင်တဲ့အချိန် နဲ့ (၂) ဆဲလ်ထဲမှာ ဗိုင်းရပ် ပွားတဲ့အချိန်။ သိတ်အသေးစိတ် မပြောတော့ပါဘူး။ အဓိက သိသင့်တာက ဆေးတစ်မျိုးက ဗိုင်းရပ်ပိုးတိုင်းကို မတိုက်နိုင်ဘူး၊ ဒါကြောင့်မို့ HIV မှာ သုံးတဲ့ဆေးကို အသည်းရောင်အသားဝါရောဂါမှာ၊ တုတ်ကွေးရောဂါမှာ သုံးလို့ မရပါဘူး။ ဒီတော့ လက်ရှိ သုံးနေတဲ့ anti-viral ဆေးတစ်မျိုးမျိုး သို့မဟုတ် နောက်အသစ် anti-viral ဆေးက အလုပ်ဖြစ်မလဲဆိုတာ သေသေချာချာ မသိသေးဘူး။

ထပ်ပြောပါမယ်… အခုတလော ဖတ်မိမယ် ထင်ပါတယ်၊ ဒေါ်လာ သိန်းတစ်ရာ အကုန်ခံပြီး ဒီCOVID-19 အတွက် စမ်းသပ်မယ့် anti-viral ဆေးတစ်မျိုးအကြောင်း။ နဖူးပေါ် လက်တင်ပြီး စဉ်းစားရင် သိန်းတစ်ရာ ကုန်မယ့် project က ဘယ်နှစ်လ ကြာနိုင်မယ်ဆိုတာ ရိုးရိုးလေး စဉ်းစားကြည့်နိုင်ပါတယ်။

(၇) ဘာလုပ်ကြမလဲ … အရေးကြီးဆုံးက ကာကွယ်ခြင်းသည် ကုသခြင်းထက် အများကြီး ကောင်းတယ်ဆိုတာ မမေ့သင့်ပါ။

(က) လူစုလူဝေး ရှောင်ပါ၊ ဖြစ်နိုင်ရင် လေအေးစက်နေရာမျိုး၊ ချောင်းဆိုးနှာရည်ယိုလူမျိုးရှိတာမျိုး၊ အထူးသဖြင့် ဆေးရုံ၊ ဆေးခန်း လိုမျိုး ကိုယ်နဲ့ မဆိုင်ရင် မသွားပါနဲ့။

(ခ) လက်ဆေးပါ၊ မျက်နှာကို လက်နဲ့ မထိမိအောင် ကြိုစားပြီး ရှောင်ပါ။

(ဂ) လမ်းသွားရင် လက်ရန်းကို ကိုင်တာ လျှော့ပါ၊ ဟိုထိ ဒီထိ မကိုင်မိအောင် နေပါ။

(ဃ) ကိုယ်ခံအားကောင်းအောင် ကျန်းမာရေးကောင်းအောင် နေပါ။ အိပ်ရေး ဝပါစေ၊ အစားအသောက် မှန်ပါစေ။

(င) အပိုအနေနဲ့ စားချင်ရင် …

* unprofessional response ကောင်းအောင် ဒိန်ချဉ် သောက်ပါ (အဲဒီအတွက် အရင် နှစ်ခါ ကျွန်တော် ရှင်းပြဖူးပါတယ်)။
* professional response ကောင်းစေချင်ရင် (ဃ) အတိုင်း ကျန်းမာရေး ကောင်းအောင် နေပါ။
* anti-viral ဆေးကို မျှော်နေမယ့်အစား အချဉ်များများ၊ ဗီတာမင်စီ၊ လက်ဖက် (လက်ဖက်အကြောင်း ဖတ်မိမှာပါ၊ လက်ဖက်ရည်ကြမ်းလဲ အတူတူပါဘဲ) စားချင်ရင် စားပါ။ အဲဒါစားတာတွေဟာ ငှက်ဖျားဆေးသောက်တာထက် စိတ်ချရပါတယ်။ မလိုဘဲ ငှက်ဖျားဆေးသောက်ပြီး ဆေးအဆိပ်သင့်ပြီး ဆေးရုံရောက်တဲ့သူတွေ ရှိတယ်ဆိုတာ သတိရစေချင်ပါတယ် (ပုံ သုံးကို ကြည့်ပါ)။

(စ) Does effectကို သတိရရင် တုတ်ကွေးပုံစံရှိသူကို ရှောင်ပါ။

(ဆ) လူကောင်းတွေကြားထဲမှာ ဗိုင်းရပ်ရှိနေနိုင်တဲ့သူတွေ လမ်းလျှောက်နေကြတယ်၊ ဈေးရောင်းနေကြတယ်၊ ဈေးဝယ်နေကြတယ်၊ လက်ဖက်ရည်ဆိုင် ထိုင်နေကြတယ် ဆိုတာ မမေ့ပါနဲ့။

(ဇ) ကိုယ့်ကြောင့် သူများတွေ အထူးသဖြင့် အိမ်သားတွေ ဒုက္ခ မရောက်စေချင်ရင် ဒါမှမဟုတ် သူများကြောင့် ကိုယ် ဒုက္ခ မဖြစ်ချင်ရင် အိမ်မှာ တတ်နိုင်သမျှ နေကြပါ။

သေသေချာချာ ဖတ်စေချင်ပါတယ်။ စိုးကတော့ ဘယ်တော့မှ ကျွန်တော် ရေးတာ မဖတ်လို့ ဒီည အစအဆုံး ရှင်းပြရ အုန်းမယ်။

မူရင်းပို့စ် Tin Soe Kyaw
14

Credit: Tin Maung Win

Leave a Comment

Your email address will not be published. Required fields are marked *